အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၃ ခုနှစ်၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် နဝမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် နဝမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဒေါက်တာဌေးအောင်၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုကာ ဖွင့်လှစ်ပြီး တက်ရောက်ကြသူများက သပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး သပြေအေးမိုးကုတ် ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ကြပါသည်။